Thursday, June 27, 2013

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၃)

လူ့ဘောင်တခုတွင် ရွေးချယ်ပိုင်ခွင့်တို့ အထင်အရှား ရှိနေသည့်တိုင်အောင် ဘာမှ ရွေးချယ်စရာ မရှိသလို ဟန်ဆောင် တတ်ကြပါသည်။ ချင့်နိုးဆင်ခြင်ခြင်းကို သုံးစွဲရမည့်နေရာတွင် ဘယ်လောက်တောင် လက်မခံဖွယ်ကိစ္စဖြစ်နေသည့်တိုင် မစဉ်းစား မဝေဖန်ဘဲ အများလုပ်တာကို ရောယောင် လိုက်နာလက်ခံသော အကျင့်စရိုက်တို့ ဖြစ်ထွန်းတတ်သည်။ ယျေဘုယျအားဖြင့် အများလုပ်တာကို ရောယောင်လိုက်နာသောအကျင့်သည်
လက်ရှိတည်ရှိနေသော ရိုးရာအဆောက် အဦများကို ထိန်းသိမ်းရမည်ဟု ယူတတ်သော သဘောလည်းပါနေတတ်ပြီး ဓလေ့ဟောင်းများနှင့် အလေ့အထဟောင်း များကို ထက်မြက်လှသော လွှသွားနှင့်တိုက်သလို မေးမြန်းစူးစမ်းတတ်သော သန္နိဌိက ဉာဏ်အလင်းမျိုးကို ဒိုင်းထောင် ၍ ကာတတ်ကြလေ၏။

အသေအချာပါပဲ၊ လိင်ကိုကြည့်ပြီး ခွဲခြမ်းနှိမ်ချလေ့ရှိသည့် လူ့ဘောင်တို့တွင် အမျိုးသမီးတို့ကို တန်းတူနေရာမပေးဘဲ ဆက်ဆံမှုမျိုး (ဒါ့ထက်တောင် အကြမ်းဖက်မှုမျိုး) ကဲ့သို့သော ရိုးရာ၏ တဖက်စောင်းနင်း ကိစ္စမျိုး၊ သို့မဟုတ်လည်း (ရှေးရိုးစဉ်ဆက်ကိုက အောက်တန်းကျတဲ့ လူတွေဟု) တခြားလူမျိုးစုများကို ကျောနှိမ်ခွဲခြမ်းမှုမျိုး တို့သည် ထိုလူ့ဘောင် မျိုးတို့တွင် သက်ဆိုးရှည် ပလွှားနိုင်ရခြင်း၏ အကြောင်းရင်းသည်ကား ထိုလူ့ဘောင်မျိုးက လူတို့သည် အာရုံတွင် အမွေ ရ စွဲထင်နေသော ယုံကြည်မှုတို့ကို မမေးမြန်း မစောကြောဘဲ ချီးပလက်ခံခြင်းကြောင့်ပေတည်း။ စင်စစ် အတိတ်၏ မိုက် မဲသော အကျင့်အကြံများနှင့် အနုမာန စွဲယူထားသော အနှစ်လက္ခဏာတို့ ဟူသည် “ပု ပုစ္ဆာရေယျ မေးရာ၏၊ ဝိ ဝိစာရေ ယျ စူးစမ်းရာ၏” အက္ခရာစွဲသုံး ထိုနှစ်လုံးကို ထို လူ့ဘောင်တို့ သုံးစွဲလာလိုက်ရုံနှင့်ပင် ဗုံးဗုံးမြေသို့ ပြိုလဲရလိမ့်မည်သာ တည်း။

ပြန်လည် အမှတ်ရထိုက်စကောင်းသည်မှာ ၁၈၇၄ တွင် ပုံနှိပ်သော ဂျွန် စတူးဝပ် မေးလ်၏ မိန်းမတွေကို နှိမ်ထားမှု ပြဿနာကို များစွာသော သူ့ ဗြိတိသျှ စာဖတ်ပရိသတ်တို့က သူ၏ မကောင်းသင်းကွဲ စရိုက်ကို လစ်ဖော်သော သက် သေအထောက်အထားဟု ယူဆကြကုန်၏။ တကယ်မှာလည်း အဲသည် အချိန်တုန်းက အင်္ဂလန် လူ့ဘောင်တွင် သည် သို့ မိန်းမတွေကို ခွဲခြားနှိမ်ချသော ပြဿနာကို စိတ်ဝင်စားမှုမှာ အလွန်နဲပါးရကား ထိုစာအုပ်သည် မေး၏ လက်ရာအား လုံးတွင် ထုတ်ဝေသောသူ အရှုံးပေါ်ခဲ့သော တခုတည်းသော စာအုပ်ပေတည်း ၆။

ဤသို့ ဆိုခဲ့သော်ငြားလည်းပဲ လူမှု အနှစ်လက္ခဏာတစ်ခုကို မစူးစမ်း မဆင်ခြင်ဘဲ လက်ခံမှုသည် အမြဲဆိုသလို ရိုးရာ သမား ဖြစ်လို့သာဆိုသော သဘောမျိုးချည်းသည်လည်း မဟုတ်တတ်။ ပိုဆိုးဝါးတတ်သည်မှာ အဲသလို မစူးစမ်းဘဲ လက်ခံမှုမျိုးက နေပြီး ‘အနှစ်လက္ခဏာတရပ်’ ဆိုသည်ကို အရေးအရာ ပေါ်လာပြီဟု အသစ်တဖန် ဝါးလုံးထိုး ပြန်ဦး တည်မှုမျိုး၊ ဒို့မှာ ဒို့အရေးသစ်တို့ ပေါ်လာပြီဆိုကာ ဆင်ခြင်မှုကင်းမဲ့စွာနှင့် ရွေးချယ်ထားသော ပြန်ဦးတည်မှုမျိုးကို “ထွန်းလင်း ရှာဖွေတွေ့ရှိခြင်း” ဟု ညာဝါးပြီး လူတွေကို ရောင်းစားနိုင်လာခြင်း တို့သည်လည်း ပါဝင်တတ်ပါသည်။ ထိုသို့သော ကိစ္စမျိုးသည် မဟားတရား အကြမ်းဖက်မှုတို့ကို ဆွပေးရာတွင် ခွန်အားကြီးသည့် မိစ္ဆာတန်ခိုးအား ပေတည်း။

အထက်တွင် ကျန်ာဖော်ပြခဲ့သည့် ၁၉၄၀ နှစ်များက အိန္ဒိယတွင် ဖြစ်ပေါ်ခဲ့သော ဟိန္ဒူ မူဆလင် ရုန်းရင်းဆန်ခတ် ရန် ပွဲတို့် ကျနာ်၏ စိတ်ပျက်စဖွယ် မှတ်ဉာဏ်တွင် ထင်လာသည်မှာ ကလေးငယ်တဦး၏ ရှုပ်ထွေးကြောက်ရွံ့နေသော မျက်လုံးများ အကွဲအပြဲ နိုင်ငံရေးတွင် လူထုကြီးသည် အုံလိုက်ကျင်းလိုက်ကို အနှစ်လက္ခဏာ ရွှေ့ပြောင်းစောင်းနင်း သွားမှုများ။ များမြောင်ကြီးမားလှသော လူထုသည် အိန္ဒိယသားဟူသော သွင်ပြင်လက္ခဏာမှ၊ ကုန်းမြေမကြီးသား ဟူ သော သွင်ပြင်လက္ခဏာမှ၊ အာရှတိုက်သား ဟူသော သွင်ပြင်လက္ခဏာမှ သို့မဟုတ်လည်း လူမျိုးနွယ် လူသားဟူသော သွင်ပြင်လက္ခဏာမှ ထိုလက္ခဏာတို့ကို လွှင့်ပစ်လိုက်ပြီးလျှင် နေ့ချင်းညချင်း ဆိုသလို (အမုန်းပင့်တင်) သင်းကွဲ လက္ခ ဏာများ ဖြစ်သော ဟိန္ဒူ၊ မူဆလင်နှင့် ဆိ တည်းဟူသည့် အသိုင်းအဝိုင်း အနှစ်လက္ခဏာများဖြင့်သာ ကိုယ့်ကိုကိုယ် ပိုင်းခြားလာကြပါသည်။ အဲသည် နောက်ကလိုက်လာသည့် လူသတ်ပွဲသည်ကား လူထုသည် ထိုမုန်းတီးရန်စောင်နေ သော အနှစ်လက္ခဏာတို့ကို သွားပြီး ရှာဖွေသွားမိစေရန် သွေးထိုးလှုံ့ဆော်ခံရခြင်း၊ နွားအုပ်ဝှေ့သလို အုပ်လိုက်ဝှေ့လို သော အခြေခံ တိရစ္ဆာန်အုပ်စု အမူအကျင့်မျိုး ပြန်လည်ဖြစ်ပေါ်လာခြင်းတို့ဖြစ်ပြီး ယင်းသို့သော တိရစ္ဆာန် အုပ်စုစရိုက် မင်းမူနိုင်ခဲ့ခြင်းမည်သည် လူထုသည် ထိုသို့ မုန်းတီးရန်စောင်နေသော အတုအယောင် အနှစ်လက္ခဏာတရား တို့ကို အစစ်အမှန် တရားဓမ္မ၏ ဂုဏ်ရည်လုပ်ငန်းစဉ် ဖြစ်သည့် သန္နိဌိက စူးစမ်းဝေဖန်မှု အောက်တွင်ထားပြီး စစ်မေးစောဒနာ ပြု ရမည်ကို မသိပျက်ကွက်ခဲ့ခြင်းကြောင့် ပေတည်း။

စာချပ်။ ။ ကျန်ာတို့တွင် တရားဓမ္မ၏ သန္နိဌိက ဝေဖန်စူးစမ်းသောဂုဏ်ရည်ကို ရာစုနှစ်ဝက်နီးပါး စစ်အာဏာရှင်စနစ်က ချိုးနှိမ်ခံခဲ့ရခြင်းကို သတိချပ်ကြပါကုန်။ စစ်အစိုးရခေတ်တွင် ပေါက်ခဲ့သော ယနေ့ မြန်မာဘုန်းကြီး ပညာရှိဆိုသူတို့သည် ပဒေသရာဇ် စနစ်ဖြစ်ပေမယ့်လည်း နှိုင်းစာကြည့်လျှင် ယျေဘုယျအားဖြင့် လွတ်လပ်သော ပညာရေးဖြစ်သည့် အင်းဝ ခေတ်က ဗုဒ္ဓဘာသာ ပညာရေးမျိုးတွင် ကြီးပြင်းခဲ့သည့် ရှင်မဟာသီလံ၊ ရှင်မဟာရဌသာရ စသည့် ဆရာတော်များ၏ ကြားနာခဲ့မှု၊ ကြံစည်ခဲ့မှု၊ မေးမြန်းခဲ့မှု၊ စူးစမ်းဆင်ခြင်ခဲ့မှု (သုစိပုဘာ) အလေ့အကျင့်မျိုးတို့နှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိ၊ သူတို့သည် အာဏာရှင်ခေတ်မှာ ပေခေါက်ချောင်ပိတ်ပြီး အလွတ်မှတ်စာမျိုးကိုသာ သင်အံခဲ့ရသလို အမျိုး၊ ဘာသာ၊ သာသနာ စသော “အတုအယောင် အနှစ်လက္ခဏာ”  မှိုင်းလုံးတို့ တိုက်ခံခဲ့ရသည်မှာ အထင်းပါတည်း။

ဟုတ်ကဲ့၊ ညောင်ရမ်းခေတ်သည် ပဒေသရာဇ် ခေတ်ဖြစ်ပေမယ့်လည်း မမိညိုသည် “တောင်တွင်မြင်းမိုရ် ကျွနု်ပ်ဆိုသား” ဟု လွတ်လပ်စွာ ကြွေးကျော်နိုင်ခဲ့ပါ၏။ ထို့အတူ မမိဖြူ သည်လည်း သူနှင့်အပြိုင် “ကျွန်းတွင်ဇဗ္ဗူ ကျွနု်ပ်ဟူသား” ဟု သောင်းတိုက်ကကြားစေခဲ့သလို ရဟန်းသံဃာများကိုပါ ဆရာနေရာကနေပြီး စာပြပေးနိုင်ခဲ့ပါသည်။ ဘောက်မဲ့ကြောင့် ကနေ့ ဒီမိုကရေစီခေတ်တွင် ဘုန်းကြီးခေါင်းဆောင်ဆိုသူတို့က သင်္ဂါယနာတင်သလို အစည်းအဝေးတွေလုပ်ပြီး “သည်မိန်းမတွေ လင်ယူမတတ်လို့ သာဿနာ ညှိုးနွမ်းမှာမို့လို့ ထောင်ချပစ်ရမည်” ဟု မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းရမည် ဆိုပြီး ဗုဒ္ဓဘာသာ အမျိုးသမီးတွေကို လာပြီးနှိမ်နေတာမျိုးသည် ခေတ်နောက်ပြန်ဆွဲနေသည်လို့ပင် မမည်၊ မိမိတို့တွင် တရားဓမ္မ၏ ဂုဏ်ရည်ကို မကျင့်ကြံမှု၊ နားမလည်မှု၊ ဗုဒ္ဓတရားဆိုင်ရာ အစစ်အမှန် အသိတရား ခေါင်းပါးနေမှုကို မသူ တော်သည် ကိုယ့်ကိုကိုယ်ဖော်နေခြင်းပါတည်း။

ဗုဒ္ဓတရားဆိုင်ရာ အစစ်အမှန် အသိတရား ခေါင်းပါးနေမှု ဆိုတာကို ဆိုပါဦးမည်။ ထိုသို့ “ဗုဒ္ဓဘာသာမများ” အတွက်ဟု ဆိုကာ ၎င်းတို့၏ နှိမ်ချသေးသိမ်သော အမြင်ကို အခြေပြု၍ မျိုးစောင့်ဥပဒေ ပြုလိုသူ ဘုန်းကြီး (ဆိုသူ) တို့သည် သကျသီဟစသော စစ်အစိုးရက ပုံသွင်းခဲ့သည့် ၏သည်မရွေး ကြက်တူရွေးစာအံ စာမေးပွဲများကိုသာ အောင်လာတတ် ပါ၏။ လေ့လာသုံးသပ်ပြီး ထိုးထွင်းသင်ယူနိုင်မှုဘက်မျိုးမှာမူ လွန်စွာ ချို့ငဲ့မွဲတေရကား တကယ့် ဗုဒ္ဓဘာသာ၏ အစဉ် အလာတွင် “ဗုဒ္ဓဘာသာ အမျိုးသမီး” တို့သည် မည်သို့ ဘာသာခြား လင်ယောင်္ကျားတို့အပေါ် ကျယ်ဝန်းမြင့်မြတ်စွာ ကျင့်ကြံခဲ့သလဲ ဆိုတာကို တွေးခေါ်စဉ်းစား ဝေဖန်သင်ယူတတ်သူ သာမန် လူဝတ်ကြောင်တို့လောက်မှပင် နားမလည် တတ်ကြကုန်။

ပမာအားဖြင့် ပြရလျှင် ဘုရားရှင်လက်ထက်တော် အခါက မေတ္တာအရာတွင် ဧတဒင်္ဂဘွဲ့ရ သာမာဝတီ မင်းသမီးသည် ဘာသာခြားဖြစ်သော လင်ဖြစ်သူ ဥတေနမင်းဖြင့် ပေါင်းသင်းပါ၏။ ထိုသို့ ပေါင်းသင်းပေမယ့်လည်း လင်ဖြစ်သူ ဘာသာ ခြားကို ဗုဒ္ဓကို ကိုးကွယ်ပါဟု မတိုက်တွန်းခဲ့။ လင်လည်း သူ ကိုးကွယ်ချင်သောသူကို ကိုးကွယ်၊ သူမလည်း သူမ ကိုး ကွယ်လိုသည့် ဘုရားအမှူးရှိသည့် သံဃာတော်တို့ကို လွတ်လပ်စွာ ကိုးကွယ်သည်သာတည်း။ နောက်ဆုံးတွင် လင်ဖြစ် သူယောင်္ကျားက မလိုဂုံးချောသော မယားငယ်ကြောင့် သူမကို အမြင်မှားပြီး သူမနှင့်တကွသော မောင်းမ ဗုဒ္ဓဘာသာ အမျိုးသမီးတို့ကို သတ်ဖြတ်ရန် လေးတော်တင်ပြီးပစ်ရာတွင် ထိုဗုဒ္ဓဘာသာ အမျိုးသမီးအားလုံးသည် ဗုဒ္ဓရှင်တော်၏ အဆုံးအမဖြစ်သည့် မေတ္တာကို မပြတ်ပို့သသောအားဖြင့် မျှားတို့သည် မေတ္တာရှင် အမျိုးသမီးတို့အား မခခဲ့။ ထိုအံ့ဘွယ် သရဲကို မြင်သောအခါ ဥတေနမင်းသည် သာမာဝတီ ခြေရင်းတွင် ရှိခိုးတောင်းပန်ပြီးလျှင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ ပါ၏။ သည်မှာ မှတ်ရန်မှာ ငါတို့ ဗုဒ္ဓဘာသာသည် ‘သည်းခံခြင်းဖြင့်သာ’ သာနာပြုခြင်း ဆိုသည်ကို အထူးသိမှတ်စေလို ပါသည်။

လူတဦး၏ ပုဂ္ဂလိက အဝန်းအဝိုင်းကို ထိပါးစော်ကား၍ ဗုဒ္ဓဘာသာသို့ ကူးပြောင်းရမည်ဟု ‘ခြိမ်းခြောက်အကြပ် ကိုင်မှု’ ကို ကျင့်သုံးမှုမျိုးသည် “သွာက္ခာတော” (ဝါ) အစအလယ်အဆုံး ကောင်းသော မြတ်သော တရားဓမ္မ၏ ဂုဏ်ရည်ဖြင့်သာ တည်ထောင်ထားသည့် ဗုဒ္ဓသာသာနာတွင် ဘယ်ခါမှလည်း မရှိခဲ့၊ ဘယ်ခါမှလည်း မရှိနိုင်။ ခြိမ်းခြောက် အကြပ်ကိုင်မှု အာဏာကိုသုံးကာ ဗုဒ္ဓဘာသာခံခိုင်းခြင်းသည် ငါတို့၏ ဗုဒ္ဓတရားကိုယ်တိုင်ကိုက မကောင်းညံ့ဖျင်းလို့ အဲသလို လုပ်ရ တာလား ဆိုတာကို အဲသည် ဘုန်းကြီးညံ့ဖျင်းတွေကို အင်မတန်မှကို မေးချင်စရာပါတည်း။ အင်း၊ သေးသိမ်ညံ့ဖျင်းသော ဒေဝဒတ်ဆိုတာဟာလည်း တရားမင်းဖြစ်သော မြတ်စွာဘုရားကဲ့သို့ ကောင်းမွန်ကျယ်ပြောသော ကြန်အင်လက္ခဏာ တွေ သူ့မှာမရှိတဲ့အခါ အာဏာရှိတဲ့ ဘုရင်နဲ့ သွားပလူးရတာ မျိုးပေပဲ၊ ဟုတ်ကဲ့ မဟုတ်လား။

သည်မှာ သည်ဘုန်းကြီးတွေက သူတို့၏ ရည်ရွယ်ချက်ကို “ဟေ့၊ ငါတို့က ဗုဒ္ဓဘာသာ အမျိုးသမီးတွေရဲ့ ပုဂ္ဂလိက အဝန်းအဝိုင်းကို သည်ကောင်တွေလာပြီး မထိပါးရလေအောင် စောင့်ရှောက်ဖို့ရည်ရွယ်တာ။ ခြိမ်းခြောက်အကြပ်ကိုင် မှုဆိုတာ သည်လိုစောင့်ရှောက်ဖို့အတွက် လုပ်ရတာ” ဆိုကာ လုံးထွေးလီဆည်ပြီး ထပ်ပြောနိုင်ပါသည်။ ဟုတ်ကဲ့၊ ဒါမျိုး ပြောလာခဲ့လျှင် ကျနော်ပြန်ဆိုထားသော အကြွင်းမဲ့အခြေခံဥပဒေမှ နှစ်ဆယ်ရာစုခေတ် ကမ္ဘာ့ထိပ်တန်း ဥပဒေတွေး ခေါ်ပညာရှင် ဟိုင်းရက်က ဆိုမိန့်ခဲ့သော ဂန္ဓဝင် စာသားတပိုဒ်ကို ကိုးကား၍ ကျနာ် တုံ့ပြန်ပါရစေ။

“ခြိမ်းခြောက်အကြပ်ကိုင်မှုကို လုံးဝ ရှောင်လွဲ၍ရသည်ကား မဟုတ်။ အဘယ်ကြောင့်ဆိုသော် ခြိမ်းခြောက်အကြပ်ကိုင် မှုကို ဟန့်တားနိုင်ရန် တစ်ခုတည်းသော နည်းလမ်းသည် ခြိမ်းခြောက်အကြပ်ကိုင်မှုနှင့်ပင် ခြိမ်းခြောက်ထားရသော ကြောင့်ပါတည်း။ လွတ်လပ်သော လူ့ဘောင်တို့သည် ဤပြဿနာကို ဖြေရှင်းကြသည်မှာ ခြိမ်းခြောက်အကြပ်ပိုင်ခွင့်ကို လက်ဝါးကြီးအုပ်ပိုင်ခွင့်ကို နိုင်ငံတော်ကိုသာ အပ်နှင်းထားလိုက်ပြီး အဲသည် နိုင်ငံတော်အာဏာဆိုသည်ကို သီးသန့် ပုဂ္ဂိုလ်တို့၏ ခြိမ်းခြောက်အကြပ်ကိုင်မှု ကာကွယ်ရန်လိုအပ်လာသော ကိစ္စတို့တွင်သာ ကျင့်သုံးစေရန် ထိန်းချုပ်ကန့် သတ်ထားဖို့ (ကြိုပြီးတောက်လျှောက်) ကြိုးပမ်းထားခြင်းဖြင့် ပေတည်း။ ဤသို့ အကောင်အထည် ဖော်နိုင်ဖို့ကို ဖြစ်နိုင် ခြေမှာ တမျိုးတစားတည်းသာ ဖြစ်ပါ၏။ ယင်းသည် နိုင်ငံတော်ကနေပြီး လူတဦးချင်းက သိမြင်ပြီးသော သူ့တသီး ပုဂ္ဂလိက စက်ဝန်းကို တပါးသူတို့ လာရောက်မထိပါးစေရန် ကာကွယ်စောင့်ရှောက်ပေးခြင်း ဖြစ်ပြီး သူ့တသီး ပုဂ္ဂလိက စက်ဝန်းဆိုသည်ကို ကန့်သတ်ခြင်းမရှိ ဖွင့်ထားပေးခြင်းပေတည်း။ ထိုနှင့် ဆန့်ကျင်ဘက်သိရမည်မှာကား လူတဦးချင်း ၏ တသီးပုဂ္ဂလ စက်ဝန်းဆိုသည်မှာ ဒါပဲ ဖြစ်ရမည်ဟု နိုင်ငံတော်မှ သီးသန့်သတ်မှတ်ပေးပြီး ကာကွယ်စောင့်ရှောက်ခြင်း မျိုးမှာမူကား မဟုတ်မဟပ် လုပ်ရပ် မုချစင်စစ် ပေတည်း”


Related Posts Plugin for WordPress, Blogger...