Wednesday, July 17, 2013

မြန်မာသမ္မတ ဦးသိန်းစိန် ပြင်သစ်ကို ရောက်ရှိ

ဥရောပကို ခရီးထွက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ပြင်သစ်သမ္မတ ဖရန်ဆွာအိုလောန်းဒ် ( Francois Hollande) နဲ့ တွေ့ဆုံဖို့ ဒီနေ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ရောက်သွားပြီလို့ သိရပါတယ်။

သမ္မတဦးသိန်းစိန်းဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေကို ရှင်းပြဖို့နဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီအထောက်အပံ့တွေရဖို့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်နေတာလို့ အေအက်ဖ်ပီသတင်းမှာ ဖေါ်ပြပါတယ်။

ပြင်သစ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က မြန်မာအစိုးရအနေနဲ့ သူတို့ကိုပေးထားတဲ့ကတိတွေထဲမှာ နိုင်ငံတကာကြက်ခြေနီအဖွဲ့ကို အကျဉ်းထောင်တွေထဲ ပြန်လည်ကြည့်ရှုစစ်ဆေး ကူညီခွင့်ပေးတာဟာ တိုးတက်မှုတရပ်ဖြစ်တဲ့အကြောင်း၊ ဒါပေမယ့် မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ လူ့အဖွဲ့အစည်းအတွင်း အကြမ်းဖက်မှုတွေအပေါ်မှာ ပြင်သစ်အနေနဲ့ စိုးရိမ်နေဆဲဖြစ်တဲ့အကြောင်း ပြောပါတယ်။

ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF နဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ FIDH တို့ကတော့ မြန်မာ့လူ့အခွင့်အရေး ပိုမိုတိုးတက်ကောင်းမွန်လာအောင် သမ္မတ ဦးသိန်းစိန်ကို ဖိဖိဆီးဆီးတိုက်တွန်းပြောဆိုဖို့ ပြင်သစ်သမ္မတ ဖရန်ဆွာအိုလုံးဒ်ကို စာတစောင်ပေးပို့တိုက်တွန်းထားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဒီနေ့မနက်ရှစ်နာရီခွဲမှာ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင် လေးဆယ်ကျော်နဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံ စီးပွားရေးပြုပြင်ပြောင်းလဲမှု အခြေအနေတွေ၊ အခွင့်အလမ်းများနဲ့ စိန်ခေါ်မှုတွေကို ရှင်းပြခဲ့ပြီး၊ သူတို့မေးတဲ့မေးခွန်းတွေကိုလည်း ဖြေကြားပေးခဲ့တယ်လို့ ပြန်ကြားရေးဒုဝန်ကြီး သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ရဲ့ ဖေ့ဘွတ်အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။


Related Posts Plugin for WordPress, Blogger...