Monday, July 15, 2013

ထိုင်း ဘုရင့်သမီးတော် ရွှေတိဂုံဘုရားသို့

  ဖူးမြော်စဉ် သတင်း လာရောက် ရယူသည့် ဥရောပ သတင်းဓာတ်ပုံ အေဂျင်စီမှ သတင်းထောက် ကိုလင်းဘိုဘို ချော်လဲ ဒဏ်ရာရ၊ ကင်မရာ မှန်ဘီလူး ပျက်စီး သွားရခြင်းနှင့် ပတ်သက်၍ ကိုလင်းကိုကို က တရားစွဲမည်ဆိုပါက  ဂေါပက အဖွဲ့မှလည်း ဝတ္တရား နှောင့်ယှက်မှုဖြင့် ပြန်လည်တရားစွဲမည်ဟု ရွှေတိဂုံ ဂေါပကလူကြီး ဦးဝင်းကြိုင် က ပြောဆိုလိုက်သည်။
ဓာတ်ပုံသတင်း ရယူရန် ကြိုးပမ်းစဉ် လုံခြုံရေးဝန်ထမ်း တဦး၏ တွန်းထိုးမှုကြောင့် ချော်လဲ အနာတရ ဖြစ်ခဲ့ရသည်ဟု ဆိုကာ လုံခြုံရေး တာဝန်ယူသည့် ဂေါပက အဖွဲ့အား တရားစွဲဆိုရန် ကိုလင်းဘိုဘို က ကြိုးပမ်းခဲ့ခြင်းကိုဂေါပကမှ တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံသည် ဇူလိုင် ၂ ရက်၊ ည ၇ နာရီကျော်တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်စဉ် လုံခြုံရေးအတွက် ဂေါပကအဖွဲ့ရုံး လုံခြုံရေး ဝန်ထမ်းများက လက်ချင်းယှက်၍ အဝန်းအဝိုင်းပြု ကာရန်ထားခဲ့သည်။
“အဲဒီအချိန်မှာ သတင်းထောက် ဦးလင်းဘိုဘိုက တာဝန်ကျ လုံခြုံရေးတွေရဲ့ စည်းအတွင်း ဧည့်သည်တော် အလွန်နီးလာပြီဖြစ်လို့ လုံခြုံရေးတာဝန်ရှိသူတွေက ဖယ်ရှားပေးဖို့  ပြောတဲ့အခါ သတင်းထောက် ဦးလင်းဘိုဘိုက လက်ချင်းယှက် အဝန်းအဝိုင်းအတွင်း ထိုးထွက်ပြီး အနီးရှိ ကျောက်စိမ်း တန်စောင်းပေါ်သို့ အပြေးအလွှား တက်ရောက်ပါတယ်။ အပြေး တက်ရောက်တဲ့ နေရာက နှစ်ပေခန့် မြင့်ပြီး မိုးရွာလို့ ချောမွတ်နေတယ်။ အပေါ်ကို ဟန်ချက်ညီညီ မရောက်ဘဲ ခြေချော်ကျသွားတာ ဖြစ်တယ်” ဟု ဂေါပက ရုံးအဖွဲ့မှုး ဦးဝင်းကြိုင် က လုံခြုံရေး ဝန်ထမ်းများ၏ ဖြေကြားချက်များကို ပြောသည်။
ယင်းသို့ လဲကျသွားသည်ကို လုံခြုံရေးအဖွဲ့မှ ဌာနစုမှူး ဦးမှူးပိုင်စိုး သွား၍ ဆွဲထူပေးကြောင်း၊ ဝမ်းလျားမှောက် လဲကျခြင်းဖြစ်၍ သတင်းထောက်၏ လည်ပင်း၌ လွယ်ထားသော ကင်မရာသည် ကြမ်းပြင်နှင့်ထိမိသွား ကြောင်းပြောဆိုသည်။
၎င်းက ဆက်လက်၍ “လုံခြုံရေးတွေ ပြောတာ မှန်တယ် မှားတယ်ဆိုတာ တထစ်ချ ပြောတာ မဟုတ်ပါဘူး။ရွှေတိဂုံမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာ (CCTV)တွေက မိုးကြိုးပစ်ခံရလို့ ဖြုတ် ထားတာ နှစ်ပတ်ခန့်ရှိပြီးဖြစ်တယ်။ ဒီကိစ္စက ဦးဘိုဘိုလင်း ဘက်က တရားစွဲမယ်ဆိုရင် ကျနော်တို့ ဘက်ကလည်း ဝတ္တရား နှောက်ယှက်မှုနဲ့ တရားပြန်စွဲမယ်” ဟု ဦးဝင်းကြိုင် က ပြောဆိုသည်။
သို့သော် ဓာတ်ပုံသတင်းထောက် ကိုလင်းဘိုဘို ၏ ဖေ့စ်ဘွတ် စာမျက်နှာပေါ်တွင် ထိုနေ့ဖြစ်ပျက်မှုနှင့်ပတ် သက်၍ လူရှင်းရာ နေရာတွင်ပင် လုံခြုံရေးဝန်ထမ်းတဦးက ၎င်းအား နောက်မှ “ဆောင့်တွန်း” လိုက်၍ အားလျားမှောက် လဲကျကာ ၈ ပေခန့် လျှောတိုက်သွားခဲ့ရကြောင်း ရေးသားထားသည်။
“ဒီဖြစ်ရပ်ကို မြင်တဲ့ သတင်းထောက် ၂ ယောက်က ပြေးလာပြီး ဘာလို့လုပ်လဲ ပြောတော့ ပထမဆုံး ဝင်လာတဲ့ ကောင်လေးကို ထီးနဲ့ မျက်နှာကို ချိန်ပြီး မင်းက ဘာလဲ ဘာညာမေးတယ်။ လုံခြုံရေးယူနီဖောင်းဝတ်တ ယောက်က ကျနော့်ကို ချောင်ထဲကို ဆွဲခေါ်ဖို့လုပ်တယ်။ ကျနော် ငြင်းတယ်။ ဒီကိစ္စ ရှင်းရမယ်။ ဘာကြောင့်ဒီလို မိုက်မိုက် ရိုင်းရိုင်းလုပ်သလဲ မေးတယ်။ အဖြေမရဘူး” ဟု ရေးသားထားသည်။
ထိုင်းဘုရင့်သမီးတော် ပြန်သွားပြီးနောက် ဆက်လက်၍ ကိုလင်းဘိုဘို အပြင် ပြည်တွင်း ဓာတ်ပုံ သတင်း ထောက်အချို့နှင့် လုံခြုံရေးဝန်ထမ်းများ ဘုရားဖူးများ ရှေ့တွင်ပင် ရုန်းရင်းဆန်ခတ် ဖြစ်ကာ လြုံခုံရေးများက ကင်မရာများ သိမ်းယူရန်ပင် ကြိုးစားခဲ့ပြီး တွန်းထိုးရိုက်ပုတ်ရန် ကြိုးစားခဲ့ကြောင်း ဆက်လက် ရေးသားထားသည်။
“အဆိုးဆုံးကိစ္စက သတင်းထောက်၊ ဓာတ်ပုံ သတင်းထောက်မှန်း သိရက်နဲ့ ဘုရားလုံခြုံရေးက မိုက်မိုက်ရိုင်းရိုင်း လုပ်တဲ့ကိစ္စပဲ။ သတင်းထောက်တွေကို ရွှေတိဂုံ လုံခြုံရေးတွေ မိုက်မိုက်ရိုင်းရိုင်း လုပ်တာ ဒီတကြိမ် ပထမဆုံး မဟုတ်ဘူး။ ဟီလာရီ ကလင်တန်လာ တုန်းကကော၊ ယင်လပ် လာတုန်းကကော။ မိန်းကလေး သတင်းထောက်ကို ရင်ဘတ်တွန်းတာတို့၊ တီဗီ သတင်းထောက်ကို တံတောင်နဲ့ တွတ်တာတို့ လုပ်ခဲ့ပေါင်း များပြီ” ဟု ယခင်အတွေ့အကြုံများကိုပါ ထည့်သွင်း စွပ်စွဲရေးသားထားသည်။
သို့သော် ကိုလင်းဘိုဘိုအား လုံခြုံရေး တာဝန်ကျက တွန်းထိုးလိုက်သည်ဆိုသည်မှာ စွပ်စွဲချက်မျှသာဖြစ် ကြောင်းဂေါပက လူကြီး ဦးဝင်းကြိုင် က ပြောဆိုသည်။
ရွှေတိဂုံ ဘုရားပေါ် ဇူလိုင် ၂ ရက်နေ့အဖြစ်အပျက်နှင့်ပတ်သက်၍ ၎င်းနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော သက်သေ သတင်းထောက် နှစ်ဦးနှင့်အတူ ကိုလင်းဘိုဘို က ဒဂုန် ရဲစခန်းသို့ သွားရောက်အမှုဖွင့်တိုင်ကြားခဲ့ သော်လည်း ရဲအရေးပိုင်သည့်အမှု မဟုတ်မူ၍ လက်မခံခဲ့ဘဲ တရားရုံးသို့ ဦးတိုက်လျှောက်ထား ရမည်ဟု စခန်းက ပြောဆိုခဲ့သည်ဟု ဆိုသည်။
ဥရောပ သတင်းဓာတ်ပုံ အေဂျင်စီ (EPA) သတင်းထောက် ကိုလင်းဘိုဘို ဘက်မှ ရွှေတိဂုံ ဂေါပက လုံခြုံရေးအဖွဲ့မှ ၎င်းအား တွန်းထိုးခဲ့သူအနေနှင့် ဝန်ခံစေလိုကြောင်း ပြောဆိုထားပြီး စာနယ်ဇင်း ကောင်စီ
သို့လည်း ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ တိုင်ကြားထားကြောင်း သိရသည်။


Related Posts Plugin for WordPress, Blogger...